Teach

ဆွမ်းခံရဟန်းကို ကန်တော့ဆွမ်း ဆိုလို့ရပေမယ့် မိဘတွေကိုတော့ ကန်တော့ဆွမ်း သွားမလုပ်လေနဲ့

ဆွမ်းခံရဟန်းကို ကန်တော့ဆွမ်း ဆိုနိုင်သေးတယ်နော်.. အသက်နဲ့ဘဝရင်းပေးထားတဲ့ မိဘတွေကိုတော့ ကန်တော့ဆွမ်း သွားမလုပ်လေနဲ့….သားသမီးဆိုတာ ငယ်တုန်းသာ မိဘစကားနားထောင်တာ.. နည်းနည်းကြီးလာရင် နားမထောင်ချင် တော့ဘူး မလေးမစားလုပ်ချင်လာတယ်..အဲ့ဒါမိဘက အစစအရာရာပေးကျွေးနေတုန်းအချိန်နော်.. ကိုယ့်ဟာကိုယ် မရှာနိုင်သေးဘူးနော်..

အကုန်လုံးကိုတော့မဆိုလိုပါဘူး.. ငယ်ကတည်းက သိတတ်လိမ္မာတဲ့သားသမီးလည်း ရှိတော့ရှိတာပေါ့.. ရှိတော့ရှိတယ် ဒါပေမယ့်အနည်းစုပေါ့..ခုခေတ်က မြင်နေတွေ့နေရတာတွေ ပိုဆိုးလာပြီလေ.. မလေးစားတာက မြန်မာပြည်မှာတင် မဟုတ်ဘူး နိုင်ငံတကာမှာလည်း ဒီလိုအနေအထားမျိုးတွေရှိတယ်.. သူတို့ဆီမှာက ပိုဆိုးသေးတယ်..

ဆွမ်းခံရဟန်းကို ကန်တော့ဆွမ်း ဆိုနိုင်သေးတယ်နော်.. အသက်နဲ့ဘဝရင်းပေးထားတဲ့ မိဘတွေကိုတော့ ကန်တော့ဆွမ်း သွားမလုပ်လေနဲ့။ မြန်မာလူမျိုးထဲကပဲ အမေရိကန်ရောက်သွားပြီး အမေရိကန်နိုင်ငံမှာ ကြာကြာနေလိုက်လို့ရှိရင် အမေရိကန်လူနေမှုစိတ် ဝင်သွားတယ်.. ပတ်ဝန်းကျင်က ဥပနိဿယပစ္စည်းကြောင့် ပတ်ဝန်းကျင်ပုံစံတွေ ဝင်သွားတဲ့အခါ

အဖေအမေကို လုပ်ချင်ရာလုပ်တယ်.. သွားချင်ရာသွားတယ် အမေအဖေကို တာ့တာဆိုပြီး နှုတ်ဆက်သွားတယ် အဲ့ဒီလောက်လေးပဲ.. အမေအဖေကို ရိုသေလေးစားဖို့အသာထားနော်.. မိဘရှေ့ကော ဘာကော မသိတော့ဘူး ဘာfriend ညာfriend တွေဆိုတာလည်း ခေါ်လာတာ..

အဲ့ဒီလိုဟာမျိုးတွေရှိတော့ ဒကာကြီးတစ်ယောက်က သူ့သားသမီးတွေအကြောင်း ဘုန်းကြီးကိုလျှောက်တယ်.. “တပည့်တော် ဒီကောင်တွေ ဒီခေါ်ပြီးတော့ထားတာ မှားတယ်ဘုရား”တဲ့.. “သူတို့လုပ်ချင်ရာ လုပ်နေတာ” “တပည့်တော် ဘာမှလည်း ပြောလို့ မရတော့ဘူး”တဲ့.. အဲ့ဒါ တစ်ကယ်လျှောက်ထားတာ ကြားဖူးခဲ့ရတာနော်.. လောကကြီး ဆုတ်ယုတ်ပျက်ပြားလာပြီဆိုရင် အခြေအနေတွေက ဒီအတိုင်းပဲ ဖြစ်သွားတယ်..

သားသမီးတွေဟာ အဲ့ဒီလို မလေးစားရုံတင်မကဘူး.. နောက်ပိုင်းကျ ဘာဖြစ်လာတုန်းဆိုတော့ ပညာတွေသင်ကြားလို့ ပညာတွေတတ်ပြီး စီးပွားဥစ္စာတွေ ရှာနိုင်လာတယ် ကိုယ့်ဟာကိုယ်ရှာနိုင်လာတဲ့အခါ ပစ္စည်းဥစ္စာကလေးများ ကြွယ်ဝ ချမ်းသာလာတယ်ဆိုရင် အမေတွေအဖေတွေပေါ်မှာ ပိုပြီးတော့ မောက်မာလာတဲ့သဘောပေါ့..

မိဘကို ပေးချင်ပေးတယ် မပေးချင် မပေးဘူး.. ဒီတော့ မိဘတွေဟာ အသက်အရွယ်ကြီးလာတဲ့ အခါကျတော့ အားကိုးရာ မရှိဘူး.. မရှိတဲ့အခါ ကိုယ့်သားကိုယ့်သမီးကို ချော့မော့ပြီး ပေါင်းနေကြရတယ်.. သူတို့စိတ်တိုင်းကျ မအေဖအေအနေနဲ့ သြဇာမပေးနိုင်တော့ဘူး.. သားသမီးပေးတာလေးနဲ့ ကျေနပ်ရတယ်..

နောက်ပိုင်းကျတော့ သားသမီးလုပ်စာကို မိဘမှီစားနေရမယ်ဆိုရင် အဲ့ဒီမိဘဟာ သြဇာမရှိတော့ဘူး သားသမီးက ကြီးစိုးလာတယ်.. သူတို့ပေးချင်မှ ပေးမယ်.. သူတို့စကားနားထောင်ရမယ်.. သူတို့ထားတဲ့နေရာမှာ နေရမယ်.. သူခိုင်းတာ လုပ်ရမယ်ဆိုတဲ့ အနေအထားအမျိုးတွေကြောင့် မိဘတွေဟာ သနားစရာအခြေအနေမျိုး ရောက်နေကြတယ်.. ဒီလိုမျိုး တွေ လောကမှာ ရှိနေတာအမှန်ပဲ..

အဲ့ဒီလိုအနေအထားမျိုးတွေဟာ စိတ်မကောင်းစရာဖြစ်တယ်.. ငယ်စဉ်တောင်ကျေးက ကျွေးမွေးစောင့်ရှောက်လာတဲ့ မိဘကျေးဇူးတွေကို မထောက်ထားပဲ ကိုယ်က လုပ်နိုင်ကိုင်နိုင်တဲ့အရွယ်ရောက်လာတဲ့အခါ မိအိုဖအိုတွေကို ဆူလိုက် ငေါက်လိုက်နဲ့ဆိုတဲ့ အနေအထားမျိုးတွေဟာ အတော်ရင်နာစရာကောင်းတယ်.. ယဉ်ကျေးမှုတွေဟာ ပျက်ပျားလာတယ် လို့ဆိုရမယ်..

အဲ့ဒီလိုပျက်ပြားလာတော့ မိအိုဖအိုတွေဟာ အားကိုးစရာမရှိဘူး.. ကိုယ့်ကိုယ်ကိုလည်း မစွမ်းနိုင်တော့ဘူး.. မစွမ်းဆောင် နိုင်တော့ သားသမီးလေးတွေ ချော့ မြေးကလေးတွေ ချော့လို့ အဲ့ဒီလိုချော့မော့ပြီး သူတို့စိတ်ကျေနပ်အောင် လုပ်ပေးပြီး သူတို့ပေးတာကျွေးတာလေးနဲ့ ကျေနပ်ပြီးနေရတယ်.. ဒီလိုအမေအို အဖေအိုတွေ လောကကြီးမှာ အများကြီး..

ဒါကြောင့်မို့လို့ ထင်ပါရဲ့.. ဘိုးဘွားရိပ်သာတွေ ရောက်သွားကြတာတွေရှိတယ်ပေါ့နော်.. အဆင်ပြေတဲ့ မိဘတွေ ရှိသလို အဆင်မပြေတဲ့ မိဘတွေက သားသမီးတွေရဲ့ အအော်အငေါက်တွေ အဆူအပူတွေခံပြီးတော့ ငုံ့ပြီးတော့ခံနေကြရတယ်.. မိအိုဖအိုတွေဟာ လောကမှာ သနားစရာဖြစ်လာတယ်.. ဒီဦးရေဟာ တဖြည်းဖြည်းတိုးတက်လာတယ်..

နောက်ပိုင်းမှာ ကြီးတဲ့ပုဂ္ဂိုလ်ကို ရိုသေလေးစားရမယ်ဆိုတဲ့ ကိုယ်ကျင့်တရားတွေဟာ ပျက်ပြားလာပြီး မာန်မာနတွေ တက်ကြွလို့ ကျေးဇူးတရားကို မထောက်ထားပဲနဲ့ မိအို ဖအိုတွေကိုအော်ငေါက်ပြီး နေတတ်တဲ့ သားဆိုး သမီးဆိုးတွေပဲ ကြုံတွေ့လာရတယ်..

နိုင်ငံခြားမှာဆိုရင် မိအိုဖအိုကို ဂရုမစိုက်ကြတော့ဘူး.. စိုက်ချင်တောင်မှ မစိုက်နိုင်တဲ့အနေအထားဖြစ်တော့ ဘယ်ပို့တုန်း ဆိုရင် Nursing Homeကို ပို့ထားတယ်.. တော်တဲ့ သားသမီးတွေဆိုရင် မိဘကိုသွားပြီးတော့ ကြည့်တယ် အားပေး စကားလေး ဘာလေး ပြောကြသေးတယ်..

မိဘကို မလေးစားကြတဲ့ပုဂ္ဂိုလ်တွေကျတော့ အဲ့ဒီပို့ထားပြီးတဲ့နောက် တစ်လနေလို့လည်းမရောက်ဘူး နှစ်လနေလို့လည်း မရောက်ဘူး.. အဲ့ဒီထဲမှာ Complain တက်တဲ့ မိအိုဖအိုတွေဆိုရင် ဆေးနဲ့ငြိမ်အောင် ထိုးလိုက်တယ်လို့တောင် ကြားဖူး တယ်.. Complain လုပ်တဲ့မိအိုဖအိုတွေကို Nursing Home မှာစောင့်တဲ့ nurseတွေက ဆေးကလေးထည့်ပေးလိုက် လို့ရှိရင် ငြိမ်သွားတာတဲ့.အဲ့ဒါ ငြိမ်ဆေးထိုးလိုက်တာ နောက်ဆုံး ဆန့်ဆန့်ကြီးဖြစ်သွားတယ်.. လုံးဝမလှုပ်တော့တဲ့ ငြိမ်ဆေးထိုးပစ်တာနော်.. အဲ့ဒီလိုတောင် ကြားဖူးခဲ့တယ်..

ဘုန်းကြီး ဂျာမဏီနိုင်ငံသွားတုန်းကဆိုရင် အဘိုးကြီးတွေ အမေကြီးတွေ ခြင်းကလေးဆွဲပြီး ကိုယ့်ဟာကိုယ် ဈေးဝယ်သွား ရင်းနဲ့ ဆုံးသွားတာတွေရှိတယ်.. တစ်ချို့လည်း အိမ်ပေါ်မှာတင်ပဲ ဘဝအဆုံးသတ်သွားကြတယ်နော်.. သားသမီးတွေက လုံးဝမကြည့်ကြတော့ဘူး..အဘိုးကြီးအဘွားကြီးတစ်ယောက်ယောက် ပဲ့သွားပြီဆိုရင် ခွေးလေးတစ်ကောင်မွေးပြီးတော့ ခွေးလေးနဲ့ အဖော်လုပ်ပြီးနေသွားတာကိုလည်း တွေ့ရတယ်..

ခုက မိဘတွေဟာ သားသမီးတွေကို ကျေနပ်အောင်ချော့မော့ပြီးမှ ကပ်ရပ်စားရတဲ့ဘဝမျိုးရောက်လာပြီ.. အဲ့ဒီကပ်ရပ် စားရလို့ ကျေကျေနပ်နပ်လက်ခံထားရင်ပဲကျေးဇူးရှင်/ရှင်မကြီးတွေကို ကျေးဇူးတင်ရဦးမှာပဲ..ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ကျွေးမွေးစောင့်ရှောက်လာတဲ့ မိဘကျေးဇူးဆိုတာကို လုံးဝမမေ့သင့်ဘူး မမေ့အပ်ဘူး အင်မတန် ကျေးဇူးများတယ် နော်..ဆွမ်းခံရဟန်းကို ကန်တော့ဆွမ်း ဆိုနိုင်သေးတယ်နော်.. အသက်နဲ့ဘဝရင်းပေးထားတဲ့ မိဘတွေကိုတော့ ကန်တော့ဆွမ်း သွားမလုပ်လေနဲ့….။

ပါမောက္ခချုပ်ဆရာတော်ကြီး (လေးစားစွာဖြင့် ခရက်ဒစ်) စေတနာမေတ္တာအရင်းခံဖြင့် မျှဝေပူဇော်ပါသည်။

Credit:baganthar