Local

ပန်ဆယ်လိုပြောတဲ့ နေပြည်တော် မူကြိုကျောင်းကိစ္စ နောက်ကွယ်က ဖြစ်ရပ်မှန်

နေပြည်တော် မူကြိုကျောင်းကိစ္စ ပန်ဆယ်လို ပြောပြီ

နေပြည်တော်မူကြိုကျောင်းကိစ္စ ရေးပါမယ်။

ဖြစ်စဉ်သတင်းစပျံ့တဲ့ အချိန်ကတည်းက ကာယကံရှင်ကလေးရဲ့ မိဘနဲ့ ကျွန်မ အဆက်အသွယ် ရှိခဲ့ပါတယ်။ တစ်လုံးမှ မရေးခဲ့ဘူးဆိုတာ အရာရာဟာ ဝေဝေဝါးဝါးအခြေအနေဖြစ်ပြီး Publicကို ချမပြလို့မရတဲ့ အပိုင်းတွေပါ။ အခုလည်း အဲ့လိုအပိုင်းတွေကို မဖြစ်မနေ ချန်လှပ်ရေးရပါမယ်။

ကလေးရဲ့ မိဘနှစ်ပါးဟာ သာမန်အစိုးရဝန်ထမ်းတွေပါ။ နှစ်ယောက်စလုံးဟာ အလုပ်လုပ်နေရသူတွေ ဖြစ်တဲ့အတွက် အခြေအနေအရ ကလေးကို မူကြိုပို့ရပါတယ်။ အိမ်နားမှာ ဈေးသက်သက်သာသာရတဲ့ မူကြိုအသေးလေးတွေ ရှိပေမယ့် CCTV ရှိတဲ့၊ ကြိုပို့ဖယ်ရီရှိပြီး ဆရာမတွေပါ လိုက်ပါစောင့်ကြပ်ပေးတယ်ဆိုတဲ့ ဒီမူကြိုမှာ ကြိုးစားထားပေးခဲ့ပါတယ်။ မူကြိုလခဟာ သူတို့လင်မယားလစာရဲ့ တစ်ဝက်နီးပါးရှိပါတယ်။

ဒီကျောင်းကို သူတို့အနေနဲ့ မတတ်နိုင်တဲ့ကြားထဲက ထားတယ်ဆိုတာ ကလေးကို လုံခြုံစေချင်တဲ့ မေတ္တာနဲ့ပါ။ “မူကြို အသေးလေးတွေမှာ ထားရင်တောင် ပြုတ်ကျမလား၊ထိခိုက်ဒဏ်ရာရမလား စိုးရိမ်လို့ အခုလိုနေရာမှာ ထားမိမှ အခုလို ဖြစ်တယ်ဆိုတော့ အမရယ်…”တဲ့။ ကျွန်မနားထဲက မထွက်တော့တဲ့ စကားပါ။

ဒါပေမယ့် ကျောင်းဘက်ကတော့ သူတို့ကျောင်းမှာ ဖြစ်တာမဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။ ကျောင်းတာဝန်ရှိသူတစ်ဦးရဲ့ ဆွေမျိုးအမျိုးသမီးတစ်ယောက်ရဲ့ အကောင့်မှာ တင်ထားတဲ့ ပိုစ့်အရ ဒီကလေးဟာ ဒီကိစ္စဟာ ကျောင်းမှာ ဖြစ်တာ မဟုတ် ကြောင်း၊ အိမ်ပတ်ဝန်းကျင်နဲ့ ဖယ်ရီကနေ အိမ်အပြန်လမ်းမှာ ဖြစ်နိုင်တာမို့ အခုလို ကျောင်းမှာဖြစ်တယ်ဆိုပြီး ရှာနေမယ် ဆိုရင် တကယ့်ရာဇဝတ်ကောင် လွတ်သွားနိုင်ကြောင်း ရေးသားထားပါတယ်။

ကလေးမိဘတွေသည် ဒီကျောင်းကို ယုံကြည်လို့ ကလေးကို အပ်နှံခဲ့သူတွေပါ။ ဒီကျောင်း နာမည်ပျက်စေလို့စရာ ရန်ငြိုး ရန်စ မရှိခဲ့သလို ရှိခဲ့မယ်ဆိုရင်တောင် ဘယ်မိဘကမှ ကိုယ့်သမီးလေးရဲ့ ဂုဏ်သိက္ခာကို နင်းပြီး ဒီကျောင်းကို နာမည် ဖျက်မှာ မဟုတ်ပါဘူး။ နည်းနည်းလေး တွေးတတ်ရုံနဲ့ သိပါတယ်။ အခုဒီကိစ္စကို ရေးသားနေတဲ့ ဆရာသက္ကမိုးညိုသည် လည်း ဒီကျောင်းကို ယုံကြည်စွာ သူ့သမီးလေးကို ကျောင်းအပ်ထားသူတစ်ယောက်ဖြစ်ပါတယ်။

ကျွန်မကိုယ်တိုင်လည်း ဒီကျောင်းနာမည်ကို ဒီပြသနာဖြစ်မှ ကြားဖူးတာပါ။ ဒီကျောင်းကို နာမည်ပျက်စေလိုခြင်း အလျင်းရှိစရာ မရှိပါဘူး။ အခုလို ရေးရတာဟာလည်း အမှန်တရားအတွက်ပါ။ လူမမယ်ကလေးတစ်ယောက်အတွက် အမှန်တရားတစ်ခုရဖို့ လူကြီး တစ်ယောက်အနေနဲ့ ဆက်ပြီးနှုတ်ဆိတ်မနေရက်တော့ပါဘူး။

ဆေးစစ်ချက်အရ ကလေးလေးဟာ အမှန်တကယ်ကို Abuse အလုပ်ခံရတယ်လို့ အဖြေထွက်ပါတယ်။ လောလော လတ်လတ်ဒဏ်ရာလို့ အဖြေထွက်တဲ့အတွက် အဲ့ဒီ့နေ့မှာ ဒီကလေး ဘယ်မှာရှိတယ်၊ ဘာတွေဖြစ်တယ်ဆိုတာ လိုက်ရ ပါတယ်။

အပေါ်မှာရေးခဲ့ပြီးတဲ့အတိုင်း ဒီကျောင်းကို ဒီမိဘက ရွေးချယ်တက်ရောက်စေခဲ့တာဟာ CCTV ရှိလို့ဆိုတာ တစ်ချက် အပါအဝင်ပါ။ အခင်းဖြစ်တဲ့နေ့က ကလေးတက်ရောက်နေတဲ့ အခန်းမှာ CCTV မရှိပါဘူး။ အဲ့လို မရှိတာလည်း ဘယ်မိဘမှ မသိပါဘူး။ ဒီအမှု ဖြစ်လာချိန် ဒီအခန်းရဲ့ CCTVမှတ်တမ်းကို တောင်းတဲ့ အချိန်မှ CCTVမရှိတာ သိရပါတယ်။ အဲ့တော့ အခန်းထဲက အခြေအနေကို မြင်ရဖို့ မဖြစ်နိုင်ပါဘူး။

အဲ့ကျောင်းဆောင်ကို တစ်ဖက်ကျောင်းဆောင်က ရိုက်ထားတဲ့ CCTV မှတ်တမ်းအရ အဲ့နေ့မှာ CCTV လေးကြိမ်ပြတ် တောက် နေခဲ့တယ်။ မီးပျက်နေတယ်လို့ ဆိုပါတယ်။ CCTV မှတ်တမ်းအရ နေ့လယ် ၃နာရီ ၁၂ မိနစ်မှာ ကျောင်းခန်းထဲကို ယောက်ျားတစ်ယောက် ဝင်သွားတယ်။ ၃နာရီ ၁၆ မိနစ်မှာ ဆရာမနှစ်ဦး အပြင်ထွက်သွားတယ်။ ၃နာရီ ၃၈ မိနစ်မှာ ဒီလူ ပြန်ထွက်သွားတယ်။ အဲ့အချိန်အထိ ဆရာမတွေ ပြန်ရောက်လာခြင်း မရှိသေးပါဘူး။

ပိုပြီး ရင်ပူစရာကောင်းတာက ဒီလူဟာ ရာဇဝတ်မှုခင်းဟောင်း ရှိခဲ့ဖူးသူတစ်ယောက် ဖြစ်ပါတယ်။ ကလေးတွေချည်းရှိတဲ့ ဒီလိုပတ်ဝန်းကျင်မှာ ရာဇဝတ်မှုခင်းဟောင်း ရှိခဲ့ဖူးသူတစ်ယောက်ကို ကျောင်းအနေနဲ့ ခန့်ထားခွင့်ရှိမရှိ Auto Understanding ဖြစ်ရမယ့် ကိစ္စပါ။ အခင်းဖြစ်တဲ့နေ့မှ ဒီလူကို အလုပ်ခန့်တာလို့ ကျောင်းဘက်က ဆိုပေမယ့် ဒီကိစ္စကြီး ဖြစ်လာချိန်မှာ ဒီလုပ်ရပ်ဟာ အတော်ကို ဆိုးဝါးလွန်းတဲ့ပေါ့လျော့မှုလို့ ဆိုရပါတော့မယ်။

ကျောင်းဘက်က ကျောင်းမှာ ယောက်ျားဆရာတောင် မခန့်ထားပါဘူး။ လူစိမ်းအဝင်အထွက် မရှိပါဘူးဆိုပေမယ့် CCTV မှတ်တမ်းအရ ၃:၁၂ မိနစ်ကနေ ၃:၃၈ မိနစ်အထိ ဒီအခန်းထဲမှာ ယောက်ျားတစ်ဦး ဝင်သွားခဲ့တာ အမှန်တရားပါပဲ။

ကျောင်းဘက်က အမျိုးတစ်ဦးပြောဆိုသလို ဖယ်ရီကအဆင်း အိမ်ကိုလာတဲ့လမ်းနဲ့ အိမ်မှာရှိနေစဉ်အချိန်တွေကို စဉ်းစား ကြည့်ရအောင်။ ကျောင်းဖယ်ရီဟာ ပုံမှန် ၅နာရီဝန်းကျင်၊ ကလေးရဲ့အမေ ရုံးကပြန်မရောက်စဉ်မှာ ရောက်လေ့ရှိပါတယ်။ အဖွားဖြစ်သူက ကြိုနေကျပါ။ အဲ့နေ့မှာ ကလေးအမေ ရုံးပြန်ရောက်ချိန်ထက်နောက်ကျပြီး ၅:၄၅မှာ ပြန်ရောက်လာတဲ့ အတွက် ကလေးအမေကိုယ်တိုင် ဖယ်ရီပေါ်က ဆရာမတွေဆီက ကလေးကို ကြိုခဲ့ပါတယ်။ အဲ့တော့ လမ်းအပိုင်းမှာ ဖြစ်စရာ မရှိပါဘူး။

အိမ်အပိုင်းကို စဉ်းစားကြည့်မယ်ဆိုရင်လည်း ပြန်ရောက်လာစဉ်ကတည်းက တံခါးလော့ချပြီး မိခင်က ဟင်းချက်နေတာပါ။ ကလေးဆီးသွားလို့ ငိုတဲ့အချိန်မှ ဒီကိစ္စကို သိရှိပြီး ဆေးရုံကို သွားခဲ့တာပါ။ အိမ်ပတ်ဝန်းကျင်ဟာလည်း တရင်းတနှီး အဝင်အထွက်ရှိတာမျိုး မဟုတ်ဘဲ အချိန်မရွေး ခေါ်စစ်လို့ရတဲ့ အနေအထားပါ။

တရားရေးကိစ္စဖြစ်တဲ့အတွက် တရားသေကောက်ချက်စွဲလို့ မရပေမယ့် ဖြစ်နိုင်ချေအနေနဲ့ကတော့ ကျောင်းနဲ့ လမ်း၊ အိမ်အကြားမှာ သံသယဖြစ်စရာက ဘယ်နေရာပိုများနေမလဲ စဉ်းစားကြည့်ပါ။ မိဘတွေအနေနဲ့ ဘယ်သူ့ကိုမဆို သံသယ ဖြစ်ခွင့်ရှိပါတယ်။ ဒါဟာ ကျောင်းကို နာမည်ပျက်စေချင်တာထက် ကြုံတွေ့ခံစားရသူ မိဘနဲ့ ဒီကိစ္စကို နားစွင့်နေကြသူ ပြည်သူတွေရဲ့ အခွင့်အရေးပါ။

ဒါကို ထုတ်ဖော်ရေးသားလို့ ကျောင်းကို နာမည်ပျက်စေလိုတယ်လို့စွပ်စွဲပြီး ရေးသားသူတွေကို တရားစွဲချင်ရင်လည်း စွဲပါ။ ဘာလို့ ဒီလိုပြောရလဲဆိုတော့ ကျောင်းတာဝန်ရှိသူရဲ့ ဆွေမျိုးဆိုသူ အမျိုးသမီးဟာ အဲ့လိုသဘောနဲ့ ရေးသားနေတာ ဖတ်ရလို့ပါ။ အဲ့တော့ သဘောပါ။ တရားစွဲခံရရင်လည်း ရင်ဆိုင်ရုံပဲ ရှိတော့မပေါ့။ အခုဒီကိစ္စကို ရေးသားတာဟာ ကျွန်မ အကျိုးစီးပွား တစ်ကျပ်တစ်ပြားမှ မပါဝင်ဘဲ ဒီကလေးအတွက် အမှန်တရားတစ်ခု ပေါ်ပေါက်စေဖို့ပဲ ရည်ရွယ်ပါတယ်။

နောက်တစ်ချက် အရေးကြီးတာ ရှိပါသေးတယ်။ ကလေးဟာ ဒီကိစ္စကို ဆရာမ N သိတယ်လို့ ဆိုပါတယ်။ သူ့ကို ကျူးလွန် သူ ကိုကိုကို ဆရာမ N က ခေါ်ဆူတယ်လို့ ကလေးက ပြောပါတယ်။ ဆရာမ N ကို စစ်ဆေးတဲ့အခါ ဆရာမက ဘာမှမဖြစ် ခဲ့ဘူးလို့ ငြင်းဆိုပါတယ်။

ဒီကိစ္စကို သိကြသူက ကလေးရယ်၊ ကိုကိုဆိုသူရယ်၊ ဆရာမNရယ်ပါ။ ကလေးမလေးက အရမ်းငယ်သေးတဲ့အတွက် အတိအကျမထွက်ဆိုနိုင်ပါဘူး။ ကိုကိုဆိုသူကလည်း ရာဇဝတ်သား ဖြစ်တဲ့အတွက် ငြင်းဆိုမှာပါပဲ။ ဒီကိစ္စကို ဖော်ထုတ် ပေးနိုင်သူက ဆရာမNပဲ ဖြစ်ပါတယ်။ ကျေးဇူးပြုပြီး ဆရာမNအနေနဲ့ ကလေးတစ်ယောက်အတွက် အမှန်တရားရရှိဖို့ အမှန်အတိုင်း ပူးပေါင်းပါဝင်ပေးပါလို့ အနူးအညွတ် မေတ္တာရပ်ခံပါတယ်။

ကျောင်းဘက်ခြမ်းကိုလည်း နားလည်ပါတယ်။ ဒီကိစ္စတကယ်ဖြစ်ပွားသွားတယ်ဆိုတာ ပေါ်ပေါက်ခဲ့ရင် ကျောင်းရဲ့ ဂုဏ်သိက္ခာ နဲ့ တည်ထောင်ထားရတဲ့ နာမည်တစ်ခု ပျက်စီးသွားမှာ သူသူကိုယ်ကိုယ် စိတ်ပူကြမှာပါ။ ဒါပေမယ့် အခု အခြေအနေမှာလည်း ကျောင်းရဲ့ဂုဏ်သိက္ခာဟာ အကောင်းအတိုင်းရှိနေမှာ မဟုတ်တော့ပါဘူး။

ကျောင်းရဲ့ဂုဏ်သိက္ခာကို ကာကွယ်လိုဇောနဲ့ ကျောင်းမှာ ဖြစ်ခဲ့တာမဟုတ်ကြောင်း သက်သေပြရင်း ရာဇဝတ်ကောင်ကို ကာကွယ်သလို ဖြစ်ပြီး ရာဇဝတ်ကောင် လွတ်မြောက်သွားခဲ့မယ်ဆိုရင် ကျောင်းရဲ့ ဂုဏ်သိက္ခာဟာ အခုထက်ပိုကျဆင်းနိုင်ပါတယ်။

အခုအချိန်မှာ ဖြစ်သင့်တာက အမှုမှန်ပေါ်ပေါက်ရေးကို ကျောင်းက ကလေးမိဘတွေနဲ့အတူ အပြည့်အဝပူးပေါင်းမယ်ဆိုရင် ဒီကိစ္စဖြစ်ပွားသွားတာတောင် ကျောင်းနာမည်ကို မငဲ့ကွက်ဘဲ ကလေးမိဘရင်းသဖွယ် ကာကွယ်စောင့်ရှောက်ချင်စိတ်ရှိတဲ့ ကျောင်း၊ အမှန်တရားကို ဖော်ထုတ်ပေးတဲ့ကျောင်းဆိုပြီး ဂုဏ်တက်နိုင်ဖွယ် ရှိပါတယ်။

ကျောင်းတာဝန်ရှိသူတစ်ဦးရဲ့ ဆွေမျိုးဆိုသူ အမျိုးသမီးရဲ့ ခြိမ်းခြောက်သလို အရေးအသားတွေဟာ ကျောင်းရဲ့ ဂုဏ်သိက္ခာအတွက် အထောက်အပံ့ မဖြစ်ဘဲ ပိုမိုဆိုးဝါးလာစေနိုင်တာမို့ ထိန်းသိမ်းနိုင်ဖို့ လိုပါတယ်။

ကျောင်းဘက်မှာ ဖြစ်တာ၊ အိမ်ဘက်မှာ ဖြစ်တာဆိုတဲ့ ဟိုဘက်၊ဒီဘက် စွပ်စွဲမှုတွေကို အသာထားလိုက်ပါ။ ဒီကိစ္စမှာ ကလေးတစ်ဦး ကျူးလွန်ခံလိုက်ရပါတယ်။ ရာဇဝတ်ကောင်ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။ ဒါဟာ လက်ရှိ အခြေအနေ ပါပဲ။

ဘာဆက်ဖြစ်မလဲ… ဒီသမီးလေးအတွက် အမှန်တရားတစ်စုံတစ်ရာ ရရှိနိုင်မလားဆိုတာ ဝန်းရံစောင့်ကြည့်ဖို့ လိုပါတယ်။ သွေးမအေးဘဲ ဒီကိစ္စကို အသံထွက်ပေးဖို့ လိုပါလိမ့်မယ်။ သမီးဖြစ်သူအတွက် အမှန်တရားရရှိဖို့ တိုက်ပွဲဝင်နေတဲ့ မိခင်နဲ့ ဖခင်ကို လေးစားကြောင်း ပြောပါရစေ။ သမီးလေးအတွက် အမှန်တရား ရရှိဖို့ ကလေးရှိတဲ့မိဘတိုင်း၊ လူသားဆန်တဲ့စိတ် ရှိသူတိုင်း အကိုတို့ဘက်မှာ ရှိနေကြပါတယ်။

ယုံကြည်ပါ… အမှန်တရားဟာ နောက်ကျပေမယ့် ရောက်အောင်လာတတ်ပါတယ်။

အိပန်ဆယ်လို (လေးစားစွာဖြင့် ခရက်ဒစ်)